Yllix

ထိတစ်စောင် ဘယ်လောက်လည်း အဖြေရှာ

သိတဲ့သူများရှိရင် ဖြေပေးကြပါ။
အခု နိုင်ငံတော်ကရောင်းချနေတဲ့ ထီတစ်စောင်ဈေးနှုန်းက ဘယ်လောက်ပါလဲ?? လူတိုင်းသိနေကြတဲ့ဈေးက တစ်စောင်၅၀၀ ပါ။ ဒါပေမယ့် ဈေးနှုန်းအမှန်နဲ့ ရောင်းတဲ့ထီဆိုင် ဘယ်နှစ်ဆိုင်ရှိပါသလဲ?? ရှိခဲ့ရင်တောင် အနည်းငယ်သာရှိမယ် ဆိုင်တိုင်းမဟုတ်ပါ။ ဘာကြောင့်ဈေးနှုန်းတွေက တစ်ပြေးတည်းဖြစ်မနေရတာလဲ။ ကျနော်ဆို ဗိုလ်ချုပ်ဈေးရှေ့က မိုးယံထီဆိုင်မှာ ထိုးပါတယ်။ ဆုကြေး သိန်း ၁၀၀၀၀ အဖြစ်စတင်ပြောင်းလဲသော ပထမအကြိမ်၊ဒုတိယအကြိမ်၊တတိယအကြိမ်တွေမှာ တစ်စောင် ၅၅၀ နှုန်းနဲ့ဝယ်ယူခဲ့ရပါတယ်။ ၄ကြိမ်မြောက်မှာတော့ တစ်စောင် ၆၀၀နှုန်းနဲ့ဝယ်ယူခဲ့ရပါတယ်။ ထီထိုးသည့် အကြိမ်တိုင်းမေးသည့်မေးခွန်းက နိုင်ငံတော်က သတ်မှတ်ထားသောဈေးနှုန်းမှာ မည်သည့်နေရာ မည်သည့်ထီဆိုင်မှာ ဝယ်ယူသည်ဖြစ်ပါစေ ထီတစ်စောင် ၅၀၀ နှုန်းဖြစ်ပါသည် ဘာကြောင့်အခုလိုဈေးတက်ရတာလဲဆိုသည့်မေးခွန်းပါ။ ပြန်ဖြေသည့်အဖြေကတော့ ဒီဈေးနဲ့ရောင်းဖို့ သတ်မှတ်ခိုင်းထားတဲ့အတွက် ဒီဈေးနဲ့ရောင်းနေတာတဲ့။ လေသံနဲ့အမူအယာက ဝယ်ချင်ဝယ် မဝယ်ချင်နေဆိုသည့်ပုံစံပါ။ အဲဒီလိုတွေဖြစ်နေတာကို ဘယ်သူ့ကိုပြောရမလဲ ? ဘယ်ဌာနကိုတိုင်ရမလဲ? ဝေးလံသောနေရာဒေသ မြန်မာပြည်အစွန်အဖျားတွေမှာ ၅၀ သို့ ၁၀၀ ဈေးနှုန်းကွာသွားခဲ့ရင်နားလည်ပေးလို့ရပါတယ်။ သယ်ယူပို့ဆောင်ခအနေနဲ့။ ပြီးတော့ နောက်တစ်ခု သိန်း ၁၀၀၀၀ မတိုင်ခင် ထီအကြိမ်အရေတွေတုန်းက နိုင်ငံတော်က သတ်မှတ်ပေးထားသော ထီဆုကြေးထက် ပိုပြီးတော့ ထပ်ပေါင်းဆုကြေးကို ထီဆိုင်ကပေးတဲ့အတွက် ဈေးနှုန်းကို အနည်းငယ်ပိုယူထားတာ လက်ခံပေးလို့ရပါတယ်။ ယခုထိုသို့မဟုတ်ပါ နိုင်ငံတော်က သတ်မှတ်ပေးထားသော ထီဆုကြေးကို ထီဆိုင်တွေမှ လက်လွှဲအနေဖြင့် ထီပေါက်သူပြည်သူ့ထံသို့ လက်လွှဲသက်သက်သာဖြစ်ပါသည်။ လက်လွှဲသက်သက်အဖြစ်အနေနဲ့ ဘာကြောင့် ထီတစ်စောင်ကို ၅၀၊၁၀၀ အမြတ်တင်နေပါသလဲ?? ထီအရွက်ပေါင်း သိန်း သန်း အနေနဲ့ဆို အမြတ်ငွေက ဘယ်လောက်တောင်ဖြစ်နေပြီလဲ?? ထီဆိုင်တွေအတွက် ဝန်ဆောင်ခအနေနဲ့ရှိသင့်တယ်ဆိုရင်လည်း နိုင်ငံတော်နဲ့ထီဆိုင်တွေကြားမှာ နားလည်မှုအခြေအနေမယူသင့်ဘူးလား?? ဥပမာ နိုင်ငံတော်က ထီဆိုင်တွေကို တစ်စောင် ၄၅၀ နှုန်းနဲ့ရောင်းချပြီး ထီဆိုင်တွေက တစ်စောင် ၅၀၀ နှုန်းနဲ့ တစ်ဆင့်ပြန်လည်ရောင်းချရင်ကော?? ဒါမှမဟုတ် နိုင်ငံတော်က ထီတစ်စောင် ၅၀၀ နှုန်းနဲ့ရောင်းချပြီး ထီဆိုင်တွေက တစ်စောင်၅၅၀ နှုန်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဈေးနှုန်းတပြေးညီ ရောင်းချလို့မဖြစ်ဘူးလား ??  လိုတာထက်ပိုပြီး ဈေးတင်ထားသောထီဆိုင်တွေအတွက် ချက်ချင်းအရေးယူလို့ရမယ့် ဖုန်းနံပါတ်တွေ ပြည်သူလူထုကို အသိပေးသင့်တယ် ထင်ပါတယ်။ ပြည်သူတွေကို ခုတုံးလုပ်ပြီး စီးပွားရှာသောခေတ်ကုန်သင့်ပြီထင်တာပဲဗျာ။ ပြောင်းလဲချိန်တန်ပြီလေ … !!!

No comments:

Powered by Blogger.