Yllix

ကျိုင်းတုံမြို့ ဝမ်ဆာရွာအနီး ဖမ်းမိသည့် ကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ သယ်လာသူ ထွက်ပြေးတိမ်းရှောင်နေ

ကျိုင်းတုံမြို့ ဝမ်ဆာရွာအနီး ဖမ်းမိသည့် ကျပ်သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ သယ်လာသူ ထွက်ပြေးတိမ်းရှောင်နေ

ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဝမ်ဆာရွာအနီး ကျိုင်းတုံ - လွိုင်မွေ ကားလမ်းတွင် ဇူလိုင်လ (၂)ရက်နေ့ ညနေ(၅)နာရီခွဲခန့်က ကျပ်သိန်း(၁၅၀၀)ခန့် တန်ဖိုးရှိသည့် KETAMINE ဟု ယူဆရသော အဖြူရောင် ပုံဆောင်ခဲ (၅၀)ကီလိုခန့် ဖမ်းဆီးရရှိမှုမှ တရားခံမှာ ထွက်ပြေးလွတ်မြောက်လျှက်ရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ကျိုင်းတုံ - လွိုင်မွေ ကားလမ်း ဝမ်ဆာရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် မသင်္ကာဖွယ်လူတစ်ဦးအား တားဆီးရန်ဆောင်ရွက်ရာ ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားက ဆိုင်ကယ်အားထားခဲ့ပြီး လမ်းဘေးရှိ ရာဘာတောအတွင်းသို့ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်နှင့်အတူကျန်ခဲ့သည့် လက်ဆွဲအိတ်အားရှာဖွေရာ အိတ်အတွင်းမှ GUANYINWANG စာတမ်းပါ  KETAMINE ဟုယူဆရသော အဖြူရောင် ပုံဆောင်ခဲ (၁)ကီလိုဂရမ်ခန့်စီပါဝင်သည့် အထုပ်ပေါင်း (၅၅)ထုပ် စုစုပေါင်း အလေးချိန်(၅၀)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး တစ်ကီလိုလျှင် ခန့်မှန်းကျပ်သိန်း(၃၀)နှုန်းဖြင့် စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၅၀၀)ခန့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများသယ်ဆောင်လာပြီး ထွက်ပြေးတိမ်းရှောင်နေသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၆၅/၂၀၁၇၊ မူး/စိတ် ၁၉(က) အရ အရေးယူဆောင်ရွက်နေကာ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံအား ဖမ်းဆီးရရှိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ #ကျိုင်းတုံမြို့မရဲစခန်း
#TachileikNewsAgency

No comments:

Powered by Blogger.