Yllix

နံနက်ခင်း လက်ဖက် ရည်သောက်ရင်း သတင်းဖတ်ကြမယ်

နံနက်ခင်း လဖက်ရည်သောက်ရင်း သတင်းဖတ်ကြစို့ဗျာ

ဂိုလ်ရှယ်လေး

ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ

၂ဝ၁၇ ဇွန် ၂၄ ညနေ (မြန်မာပြည် ဇွန် ၂၅ မနက်)

၁။ ရိုဟင်ဂျာတွေကို စိတ်ကြွဆေးနဲ့ ဖမ်းမိ

၂။ တရုတ်မြေပြို ၁၅ ဦးသေ ၁ဝဝ ကျော်ပျောက်ဆုံးနေ

၃။ ကန် ဒုံးခွင်းဒုံးချမှု ဆိုးလ်မြို့မှာ ဆန္ဒပြ

၎။ အိန္ဒိယမှာ မွတ်စလင်တဦးကို ဟိန္ဒူတွေ သတ်ဖြတ်

၅။ ကလေး ၂ ဦး ကားထဲပိတ်လှောင် သေဆုံးမှု မိခင်ကိုဖမ်းဆီး

၁။ (ဒါကာ) - ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ဆိပ်ကမ်းမှာ စက်လှေတစီးပေါ်ကနေ ယာဘ စိတ်ကြွရူးသွပ်ဆေးပြား ၁ သန်းခွဲနဲ့ အတူ လူ ၁၂ ဦးကို စနေနေ့မနက်က ဖမ်းဆီးမိခဲ့ရာမှာ ၅ ဦးဟာ မြန်မာနိုင်ငံက ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြား Teknaf တက်နဖ် ဒုက္ခသည်စခန်းမှာ လာရောက်နေထိုင်တဲ့ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ဒါကာမြို့က လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။
သူတို့ထံက သိမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေရဲ့ ကာလတန်ဖိုးဟာ ဘင်္ဂလားဒေ့ရှ် တာကာငွေ သန်း ၇၅ဝ ရှိပြီး အမေရိကန်ဒေါ်လာအားဖြင့် ၉ သန်း ၃ သိန်းကျော်ဖြစ်ပါတယ်။
လူဆိုးဂိုဏ်းတွေဟာ ငါးဖမ်းစက်လှေ အသွင်ဆောင်ထားတဲ့ လှေသင်္ဘောတွေနဲ့ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်နေတာ ကာလရှည်ကြာလှပြီလို့လည်း အခုဖမ်းဆီးမှုကို ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့ အမှတ် ၇ တပ်ရင်းမှူး ဗိုလ်မှူးကြီး အူဒင် အာမက်က ပြောပါတယ်။
ထောက်လှမ်းရေးသတင်းတွေအရဆိုရင် ရခိုင်ပြည်နယ်ကနေ နယ်ခြားဒေသ Cox’s Bazar ကော့ဇက်ဘဇား ခရိုင်ကိုဖြတ်သန်းပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း မူးယစ်ဆေးဝါးသယ်ယူတဲ့ လမ်းကြောင်း ၄၅ ခုလောက် ရှိပါတယ်။
၂။ (ဘေဂျင်း) - တရုတ်ပြည်အနောက်တောင်ပိုင်း ဇီချွမ်း ပြည်နယ်မှာ ရွာတရွာအပေါ်ကို တောင်ပြိုကျတဲ့အတွက် လူ အနည်းဆုံး ၁၅ ဦးသေဆုံးပြီး ၁ဝဝ ကျော် ပိတ်မိ သို့မဟုတ် ပျောက်ဆုံးနေပါတယ်။
တောင်ခြေမှာရှိတဲ့ အဲဒီ Xinmo ဇင်မိုဆိုတဲ့ရွာမှာ အိမ်ခြေ ၆ဝ ကျော်ရှိပြီး အခုအချိန်ထိ အသက်ရှင်ကျန်ရစ်သူ ဆိုလို့ ဇနီးမောင်နှံ ၂ ဦးနဲ့ သူတို့ရဲ့ ၁ လသားအရွယ် ကလေးငယ်တဦးပဲ တွေ့ရသေးတယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာရွာပြီးနောက် မနက် ၅ နာရီလောက်မှာ တောင်ပြိုကျတာဖြစ်ပြီး အိမ်တွေကို ရွံ့တွေ ကျောက်တုံးတွေ ဖုံးအုပ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို လူနှစ်ထောင်နဲ့ နေ့ရောညပါ ဆောင်ရွက်နေရာမှာ မနေ့ညနေပိုင်းအထိ သေဆုံးသူ ၁၅ ဦးရဲ့ ရုပ်အလောင်းတွေကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သမတ ရှီဂျင်းပင်က အသက်ရှင်ကျန်သူတွေကို ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် နည်းလမ်းအားလုံး အသုံးပြုဖို့ ညွန်ကြားထားတယ်လို့လည်း ဆင်ဝှာသတင်းဌာနက ပြောပါတယ်။
၃။ (ဆိုးလ်) - တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က အမေရိကန်သံရုံအနီးတဝိုက်ကို လူ ၄ ထောင်ခန့် မနေ့က ချီတက်ပြီး အမေရိကန် ဒုံးခွင်းဒုံးစံနစ်လာရောက်ချထားမှုကို ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြသူတွေက သမတ ထရမ့်အနေနဲ့ ဒုံးခွင်းဒုံးချထားရေးအတွက် တောင်ကိုရီးယားကို ဖိအားပေးမှု ရပ်ဆိုင်းပါလို့ ကြွေးကြော်ခဲ့ကြပါတယ်။ လာမယ့်အပတ်မှာ တောင်ကိုရီးယားသမတ မွန်းဂျေးအင်း အိမ်ဖြူတော်ကို လာရောက်ပြီး သမတ ထရမ့်နဲ့တွေ့ဆုံဖို့ ရှိနေစဉ် အခုလို ဆန္ဒပြပွဲပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဒုံးပျံကာကွယ်ရေးအတွက် တောင်ကိုရီးယားမှာ အမေရိကန်ပြည်ထောင်စုက အဲဒီ THAAD သာ့ဒ်ခေါ် ဒုံးခွင်းဒုံးအဖွဲ့ ၆ ဖွဲ့ချထားဖို့ အစီအစဉ်ရှိရာမှာ တချို့တဝက်ချထားခဲ့ပြီးပါပြီ။ ဒါပေမယ့် မွန်းဂျေးအင်း သမတဖြစ်လာပြီးနောက် ဆက်လက်ချထားရေးကို ဆိုင်းငံ့ထားခဲ့ပါတယ်။
၎။ (နယူးဒေလီ) - အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကနေ မြောက်ပိုင်း ဟာရီယားနားမြို့ကို သွားတဲ့ ရထားပေါ်မှာ မနေ့က မွတ်စလင်လူငယ်တဦးကို ဟိန္ဒူတွေက ဓါးတွေနဲ့ဝိုင်းခုတ်ကြတဲ့အတွက် သေဆုံးသွားပါတယ်။
Junaid Khan ကျူနစ်ခန်ဆိုတဲ့ အဲဒီ အသက် ၁၅ နှစ်ရှိလူငယ်ကို အမဲသားတွေ သယ်ဆောင်လာတယ်လို့ ဟိန္ဒူတွေက စွပ်စွဲပြီး ထိုင်ခုံမှာ မထိုင်ရဖူးလို့ ပြောဆိုခဲ့ကြောင်း၊ အဲဒီနောက် တောင်းပန်နေတဲ့ကြားက အခုလို ဓါးနဲ့ဝိုင်းထိုးခဲ့ကြကြောင်း သူနဲ့အတူပါလာတဲ့ ညီအစ်ကိုတော်စပ်သူက ပြောပါတယ်။
မီးရထားရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်ရာမှာပါဝင်တယ်လို့ ယူဆရသူတဦးကို အခု ဖမ်းဆီးထားပါတယ်။ ဟိန္ဒူဘာသာဝင် အများစုနေထိုင်ရာ အိန္ဒိယမှာ မွတ်စလင်တွေ မကြာခဏ အနိုင်ကျင့်သတ်ဖြတ်ခံရလေ့ ရှိပါတယ်။
၅။ (တက္ကဆက်) - အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ ကလေး ၂ ဦးကားထဲမှာထားခဲ့လို့ အပူရှိန်ဒဏ်မိပြီး သေဆုံးခဲ့ရမှုအတွက် မိခင်ဖြစ်သူကို သောကြာနေ့မှာ ရဲကဖမ်းဆီးလိုက်ပါတယ်။
အဲဒီ အသက် ၂၄ နှစ်ရှိတဲ့ စင်သီယာဆိုသူဟာ ပြီးခဲ့တဲ့လအတွင်းက သူမရဲ့ အသက် ၂ နှစ်အရွယ်သမီးကို ပြောစကား နားမထောင်တဲ့ အတွက် ဒဏ်ပေးတဲ့အနေနဲ့ ၁၆ လအရွယ် သားငယ်နဲ့အတူ မွန်းတဲ့နေအောက်မှာ ကားထဲထည့်ပိတ်ပြီး ထားခဲ့ပါတယ်။
အဲဒီနောက် အိမ်အတွင်းဝင်သွားပြီး ဆေးခြောက်ရူကာ ၃ နာရီလောက် အိပ်ပျော်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကလေးတွေကို ဆေးရုံပို့ခဲ့ပေမယ့် အချိန်နှောင်းသွားခဲ့ပါပြီ။
အမေရိကန်ပြည်ထောင်စုမှာ ကားထဲပိတ်လှောင်မိတဲ့အတွက် ကလေးငယ် ၄ဝ ခန့် နှစ်စဉ် သေဆုံးနေပါတယ်။ အများစုက မိဘတွေ မေ့လျှော့ပြီးထားခဲ့လို့ ဖြစ်ပါတယ်။ နေရောင်အောက်မှာ တံခါးတွေပိတ်ပြီး ရပ်ထားတဲ့ကားတစီးအတွင်း အပူချိန်ဟာ တခဏချင်း အဆမတန်မြင့်မားလာတဲ့အတွက် ကလေးတွေ မိနစ်အနည်းငယ်အတွင်း သေဆုံးနိုင်ပါတယ်။
ခရက်ဒစ်  ခင်မောင်စိုး (RFA)
*ဂိုလ်ရှယ်လေး

No comments:

Powered by Blogger.