အနံ့ဆိုးထွက် တဲ့ ငါး အမှုန့်ကြိတ်စက်ရုံတွေပိတ်ပစ်မည်
တနင်္သာရီတိုင်း မြိတ်မြို့က တိရစ္ဆာန်အစာ ထုတ်လုပ်တဲ့ ငါးအမှုန့်ကြိတ်စက်ရုံ တစ်ရုံကို တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က ငါးအမှုန့်ကြိတ်စက်ရုံနဲ့ ပထော်ပထက်ကမ်းမှာရှိတဲ့ ငါးအမှုန်ကြိတ်စက်ရုံတွေ ကနေ အနံဆိုးတွေထွက်လာရင် စက်ရုံတွေပိတ်သိမ်းတဲ့အထိ အရေးယူမယ့် အပြင် တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူသွားမယ်လို့ တိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ဒီနေ့ ပြောလိုက်ပါတယ်။
ဝန်ကြီး ဦးမြင့်မောင်က ဒီနေ့ ကျင်းပတဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောကြား ခဲ့တာဖြစ်တယ်လို့ မြိတ်မြို့နယ် အမှတ် ၂ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချို က ပြောပါတယ်။
ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပဉ္စမပုံမှန်လွှတ်တော်အစည်းအဝေးမှာ ဒေါ်ရီရီချိုက မြိတ်မြိုပေါ်ရှိ အနံဆိုးတွေ ထွက်နေတဲ့ ငါးအမှုန်ကြိတ်စက်ရုံနဲ့ ရာဘာစက်ရုံကို ဘယ်လိုအရေးယူမလဲလို့ မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ် ပါတယ်။
မြိတ်မြို့ပေါ်မှာ ထူးထူးတိုး၊ ဗင်းတေ့ခ်ျ၊ မင်းဇာနည်နဲ့ အဆောင်ကောင်းစတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ လေးရုံနဲ့ မြိတ်တဖက်ကမ်း ပထော်ပထက်ကျွန်း မှာ အောင်မြတ်ဖြိုး ငါးမှုန့်ကြိတ်စက်ရုံ ၁ရုံ စုစုပေါင်း ၅ရုံရှိပါတယ်။
ငါးအမှုန့်ကြိတ်စက်ရုံတွေအနေနဲ့ အနံဆိုးတွေမထွက်အောင် ငါးဖမ်းလှေတွေကဖမ်းမိတဲ့ ပါကေး ငါးတွေကို ပင်လယ်ရေနဲ့ စင်ကြယ်အောင်ဆေး ပြီး ရေခဲအလုံအလောက်ထားဖို့၊ ဖမ်းမိတဲ့ငါးတွေကို ၁၀ ရက်အတွင်း အရောက်ပို့ဖို့၊ စက်ရုံထွက်အငွေ့တွေကို အနံ့သတ်စနစ်အသုံးပြုပြီး သန့်စင်ထုတ်လွှတ်ဖို့ စတဲ့ အချက် ၇ချက်ကို ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားပါတယ်။
ငါးအမှုန့်ကြိတ်စက်ရုံတွေက အနံ့ဆိုးတွေထွက်တာကြောင့် မြိတ်ဒေသခံတွေက စက်ရုံတွေကို အရေးယူပေးဖို့ ဆန္ဒပြတာ၊ လက်မှတ်ရေးထိုးတောင်းဆိုတာတွေ ပြီးခဲ့တဲ့အစိုးရလက်ထက် ကတည်းက ပြုလုပ်ခဲ့ပါတယ်။
မြိတ်မြို့ပေါ်မှာရှိတဲ့ ဖိုးလမင်းရာဘာကုမ္ပဏီကိုတော့ အနံဆိုးတွေထွက်တာကြောင့် မြိုအပြင်ဘက် မိုင်၂၀အကွာမှာရှိတဲ့ ပင်းအိုကျေးရွာမှာ ပြောင်းရွှေ့လုပ်ကိုင် ခိုင်းထားတယ်လို့ ဝန်ကြီး ဦးမြင့်မောင်က ဖြေကြားခဲ့ပါတယ်။
RFA Burmesehttp://www.rfa.org/burmese
No comments: