Yllix

မနက်ခင်းတွက် သတင်းစာ

အာရုံခင်း လဖက်ရည်သောက်ရင်း သတင်းဖတ်ကြစို့ဗျာ
ကျနော်တို့ ဘဝ ကျနော်တို့ ကမ္ဘာ

၂ဝ၁၇ ဇွန် ၂၂ ညနေ (မြန်မာပြည် ဇွန် ၂၃ မနက်)
၁။ တရုတ်ကမ်းလှမ်းချက် အိန္ဒိယ ပယ်ချ
၂။ မြောက်ကိုရီးယား ဖိအားပေးဖို့ တရုတ်ကို တောင်ကိုရီးယား တိုက်တွန်း
၃။ ဒရုန်းလေယာဉ် အိန္ဒိယ လိုချင်
၎။ မူးယစ်ဆေးကြောင့် လူ ၂ သိန်း နှစ်စဉ်သေဆုံး
၅။ ကျားမခွဲခြားမှု ကုလ ရှုတ်ချ
၆။ မိခင်နို့တိုက်သူ နှလုံးရောဂါ အန္တရာယ် လျှော့နည်း
(အချိန်မရလိုက်တဲ့ သတင်းတချို့ကတော့ သတိမေ့မျောလျှက် မြောက်ကိုရီးယားတွေ ပြန်လွှတ်ပေးပြီးနောက် သေဆုံးသွားခဲ့တဲ့ ကန် တက္ကသိုလ်ကျောင်းသား ဝမ်းဘီးယားရဲ့ ဈာပန ကျင်းပတဲ့သတင်း၊ အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ကန့်ကွက်သူ ပိုမိုများပြားလာနေတဲ့ သတင်း၊ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်မားလာနေမှုကြောင့် လာမယ့်နှစ် ၁ဝဝ အတွင်း ကျွန်းငယ်နိုင်ငံတချို့ ပျောက်ကွယ်သွားမယ့် သတင်း နဲ့ မလေးရှားက ခိုးသယ်လာတဲ့ လိပ်ကောင်ရေ ၅ဝ ကို ထိုင်းနယ်စပ်အရောက် ဖမ်းဆီးမိတဲ့ သတင်းတွေပါ။)
၁။ (နယူးဒေလီ) - CPEC ခေါ် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ဆောက်လုပ်ရေး စီမံကိန်းမှာ ပါဝင်ပူးပေါင်းဖို့အတွက် တရုတ်ပြည်က ကမ်းလှမ်းခဲ့တာကို အိန္ဒိယနိုင်ငံက ကြာသပတေးနေ့ မနေ့က ပယ်ချလိုက်ပါတယ်။
၂ဝ၁၃ ခုနှစ်က စတင်တဲ့ အဲဒီစီမံကိန်းမှာ ရထားလမ်း၊ကားလမ်း၊ အခြေခံအဆောက်အအုံ နဲ့ အထူးစီးပွားရေးဇုံ တည်ဆောက်ရေးလုပ်ငန်းတွေပါဝင်ပါတယ်။
အဲဒီ CPEC စီးပွားရေးစင်္ကြန်ဟာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနဲ့ မြန်မာ ၄ နိုင်ငံပါဝင်တဲ့ BCIM စီးပွားရေးစင်္ကြန်နဲ့ ဆက်သွယ်ပေါင်းကူးမယ်လို့ တရုတ်ပြည်က ပြောပါတယ်။
ဒါပေမယ့် အိန္ဒိယအစိုးရ ပြောခွင့်ရသူက အဲဒီ CPEC စီမံကိန်းအရ အိန္ဒိယနဲ့ ပါကစ္စတန်အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသကို ဖြတ်သန်းပြီးလမ်းဖေါက်လုပ်မှာဖြစ်တဲ့အတွက် အိန္ဒိယအစိုးရအနေနဲ့ လက်မခံနိုင်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
၂။ (ဆိုးလ်) - တောင်ကိုရီးယားသမတ မွန်းဂျေးအင်းက မြောက်ကိုရီးယားနိုင်ငံရဲ့ နူကလီယာလက်နက် အစီအစဉ် ဖျက်သိမ်းရေးအတွက် တရုတ်ပြည်အနေနဲ့ ပိုမိုအားထုတ်လုပ်ဆောင်ဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားမှာ အမေရိကန်ပြည်ထောင်စုက ဒုံးခွင်းဒုံးစံနစ်လာရောက်ချထားတာကို တုံ့ပြန်အရေးယူတဲ့အနေနဲ့ တောင်ကိုရီးယားကုမ္ပဏီတွေအပေါ် တရုတ်ပြည်က အရေးယူနေတာကို ပယ်ဖျက်ပေးဖို့လည်း တရုတ်သမတ ရှီဂျင်းပင်ကို နောက်လအတွင်း ဂျာမဏီမှာတွေ့တဲ့အခါ သူပြောမယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားသမတ မွန်းနဲ့ ကန် သမတ ထရမ့်တို့ လာမယ့်အပတ်အတွင်း အိမ်ဖြူတော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီအတောအတွင်း ကန် နိုင်ငံခြားရေးဝန်ကြီး ရက် တီလာဆန်က တရုတ်ပြည်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို စီးပွားရေးနဲ့ သံတမန်ရေးအရ ပိုမိုဖိအားပေးဖို့ ထပ်မံပြောကြားခဲ့ပါတယ်။
၃။ (နယူးဒေလီ) - အိန္ဒိယနိုင်ငံက ရေတပ်ဖွဲ့မှာအသုံးပြုဖို့အတွက် အမေရိကန်ပြည်ထောင်စုထံကနေ မောင်းသူမဲ့ ဒရုန်းထောက်လှမ်းရေးလေယာဉ်တွေ ဝယ်ယူဖို့ ကြိုးစားနေပါတယ်။
အိမ်ဖြူတော်ကို တနင်္ဂနွေနေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာ မိုးဒီ လာရောက်ပြီး သမတ ထရမ့်နဲ့ တွေ့ဆုံတဲ့အခါ အဲဒီလေယာဉ်ပျံ ၂၂ စင်းကို အမြန်ဆုံးရောင်းချပေးဖို့ ပြောကြားမယ်လို့ ဆိုပါတယ်။
လက်နက်တပ်ဆင်ထားခြင်းမရှိတဲ့ အဲဒီလေယာဉ်တွေကို ရရှိမယ်ဆိုရင် အိန္ဒိယသမုဒ္ဒရာအတွင်းက တရုတ်ရေတပ်ကို ထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ အိန္ဒိယကို ရောင်းမယ်ဆိုရင် နေတိုးအဖွဲ့ဝင် မဟုတ်တဲ့နိုင်ငံတခုကို အဆင့်မြင့် ဒရုန်းတွေ အမေရိကန်က ပထမဆုံးရောင်းချတာဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် ကန် နိုင်ငံခြားရေးဌာနက အဲဒီ ရောင်းချမှုကြောင့် အရှေတောင်အာရှဒေသအတွင်း တည်ငြိမ်မှုထိခိုက်နိုင်မယ့် အရေးကို စဉ်းစားနေတယ်လို့ သတင်းရပါတယ်။
၎။ (ဗီယင်နာ) - ကမ္ဘာတဝှန်း ကုတ်ကင်းနဲ့ ဘိန်းအပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု မြင့်မားလာနေကြောင်း UNODC ကုလသမဂ္ဂ ရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ကြာသပတေးနေ့ ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
၂ဝ၁၅ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးစွဲနေသူ ၂၉ သန်းခွဲရှိတဲ့အနက် နှစ်စဉ် လူ ၂ သိန်းနီးပါး သေဆုံးနေပြီး မူးယစ်ဆေးဝါးနဲ့ အကျိုးဆက်ပြသနာတွေကို ထိထိရောက်ရောက် ဖြေရှင်းတိုက်ဖျက်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကတိအတိုင်း ရံပုံငွေထည့်ဝင်ခြင်း မရှိဖူးလို့ UNODC အကြီးအကဲ Yory Fedotov ယိုရီ ဖီဒိုတော့ဗ် ကပြောပါတယ်။
၂ဝ၁၆ ခုနှစ်အတွင်း အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှုပိုမိုဖြစ်ထွန်းခဲ့တဲ့အတွက် တာလီဗန်အကြမ်းဖက် အဖွဲ့တွေ ဝင်ငွေအကြီးအကျယ်ရရှိခဲ့ကြောင်းနဲ့ ဘိန်းက ထုတ်လုပ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူဦးရေဟာ ၁၉၉၉ ခုနှစ်က ၁၆ဝဝဝ တသောင်းခြောက်ထောင်ကျော် ရှိခဲ့ရာကနေ ၂ဝ၁၅ ခုနှစ်မှာ ၅ဝဝဝဝ ငါးသောင်းကျော်ရှိတဲ့အတွက် ၃ ဆတိုးလာခဲ့ကြောင်းလည်း ကုလ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
၅။ (နယူးယောက်) - ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ နှိပ်စက်ညှင်းပန်းမှုတွေ ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို မနေ့က ကန့်ကွက်သူမရှိ ချမှတ်လိုက်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်မှာ ကျားမ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်ဆက်ဆံမှုတွေကို တားဆီးရေးအတွက် အမြန်ဆုံးဆောင်ရွက်ကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။
ဒါပေမယ့် အဲဒီ ဆုံးဖြတ်ချက်မှာ ကိုယ်ဝန်ဖျက်ချမှုကိုခွင့်ပြုတဲ့ နိုင်ငံတွေ အနေနဲ့ အမျိုးသမီးတွေအန္တရယ်မရှိပဲ ကိုယ်ဝန်ဖျက်ချနိုင်အောင် တာဝန်ယူစီစဉ်ပေးဖို့ အချက်ပါဝင်တာကို အမေရိကန်ပြည်ထောင်စုက ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
ကန် ကိုယ်စားလှယ် Jason Mack ဂျေဆွန် မက် က မိသားစု သားဆက်ခြားရေးအစီအစဉ်ကို မိမိတို့ လက်ခံပေမယ့် ကိုယ်ဝန်ဖျက်ချတာကို အခွင့်အရေးတခုအဖြစ် ထောက်ခံအားပေးခြင်း မပြုနိုင်ဖူးလို့ ပြောပါတယ်။ သမတ ထရမ့် အာဏာရပြီးချိန်ကစပြီး အမေရိကန်အစိုးရဟာ ကိုယ်ဝန်ဖျက်ချမှု အားပေးခွင့်ပြုတဲ့ နိုင်ငံတွေကို ကူညီထောက်ပံ့မှုတွေ ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။
၆။ (လန်ဒန်) - ကလေးတွေကို မိခင်နို့တိုက်ကျွေးခြင်းကြောင့် အမျိုးသမီးတွေ နှလုံးရောဂါဖြစ်ပွားမယ့် အန္တရာယ်က လျှော့နည်းသွားတာကို တွေ့ရှိရကြောင်း အောက်စဖို့ တက္ကသိုလ် ပညာရှင်တွေ မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
တရုတ်ပြည်က ကလေးမိခင် ၃ သိန်းခန့်ကို သွားရောက်သုတေသန ပြုခဲ့ရာမှာ မိမိရင်သွေးတွေကို မိခင်နို့တိုက်ကျွေးတဲ့ အမျိုးသမီးတွေဟာ တိုက်ကျွေးခြင်းလုံးဝ မရှိတဲ့ အမျိုးသမီးတွေထက် နှလုံးရောဂါဖြစ်ပွားမှု ၉% နည်းပါးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးအသက် ၂ နှစ်ကျော်အထိ တိုက်ကျွေးတဲ့ မိခင်တွေဟာ ၆လနဲ့ တနှစ်တိုက်ကျွေးသူတွေထက် နှလုံးရောဂါဖြစ်ပွားမှု ပိုမိုနည်းတာကိုလည်း တွေ့ရှိရတယ်လို့ ပြောပါတယ်။
တခြားဆေးပညာရှင်အဖွဲ့တွေရဲ့ သုတေသနပြုချက်တွေမှာလည်း အလားတူဖေါ်ပြတာတွေ ရှိပါတယ်။
အမေရိကန်ပြည်ထောင်စု ကလေးကျန်းမာရေးဌာနက မွေးကင်းစ ကလေးတွေကို အနည်းဆုံး ၆ လကြာ မိခင်နို့တခုတည်းတိုက်ကျွေးဖို့နဲ့ အဲဒီနောက်ပိုင်းမှာလည်း တနှစ်ကျော်အထိ တခြားအစားအစာတွေကို စတင်ကျွေးမွေးရင်း မိခင်နို့ကို ဆက်လက်တိုက်ကျွေးဖို့ ထောက်ခံအကြံပေးထားပါတယ်။

ခရက်ဒစ်   ခင်မောင်စိုး …RFA

No comments:

Powered by Blogger.