Yllix

အောင်ချက် သုည ပါစန့် ဘဲ ရတဲ့ မြန်မာနိုင်ငံ က မြို့တစ်မြို့ or ရွာလေးတစ်ရွာ

#အောင်ချက်သုည%

ပန်နန်းဒင်မြို့နယ်ခွဲဆိုတာ မြန်မာပြည်မြောက်ဘက်အကျဆုံးမြို့ပါ။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်အစပါ။အဲ့ဒီမြို့ကလေးမှာ ရပ်ကွက်လည်း တရပ်ကွက်ပဲ ရှိပြီး အိမ်က ၁၇ လုံးလောက်ပဲ ရှိပါတယ်။ ၀န်ထမ်းတွေနေတာနဲ့ ပေါင်းရင် လူတရာတောင် မပြည့်ပါဘူး။ သွားရေးလာရေးကလည်း အနီးဆုံး နောင်မွန်မြို့ကနေ လေးညအိပ်ငါးရက် ခြေကျင် ကြိတ်ရပါတယ်။ အရင်ကတော့ မြို့ရှိခဲ့ဖူးပြီး ကေအိုင်အေ တော်လှန်ရေးအစမှာ မြို့ပိုင်ကိုယ်တိုင် ငွေတိုက်ဖောက် သေနတ်ပါ ယူပြီး ကေအိုင်အေထဲ လိုက်သွားလို့ မြို့နေရာပျက်နေခဲ့တာ ကြာပါပြီ။ ၁၉၉၇ လောက်မှ ဗိုလ်ချုပ်ခင်ညွန့်အမိန့်နဲ့ ပြန်တည်တာပါ။

၂၀၀၉  လောက်က ကာနယ့်ကို  ခေတ္တတာဝန်ပေးတာနဲ့ ပန်နန်းဒင်မှာ ၆ လလောက် သွားခွေနေရဖူးတယ်။ ဖြစ်ချင်တော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲစကာနီးပါ။ တက္ကသိုလ်ဝင်တန်းဖြေမယ့် ကျောင်းသားတစ်ယောက်လည်း ပန်နန်းဒင်အထကမှာ ရှိပါတယ်။ သူ အောင်ခဲ့မယ်ဆို မြို့ပြန်တည်တဲ့အချိန်ကစပြီး ဘဲဥ မကွဲခဲ့ဖူးတဲ့ အောင်ချက်က ရာနူန်းပြည့်ဖြစ်မယ့်အပြင် အထက အနေနဲ့ အောင်ချက် ပထမ ဆိုတာ ပြေးမလွတ်တော့ဘူးပေါ့။ ဒါကြောင့် အဲ့ဒီကလေးကို ဂရုစိုက်ရပါတယ်။ သူလိုတဲ့ဟာလေးတွေ ဖြည့်ဆည်းပေးရပါတယ်။ သူ စာမေးပွဲ စိတ်အေးလက်အေး ဖြေနိုင်ဖို့ ဆိုပါတော့။

ခက်တာက အဲ့ဒီဒေသမှာ ရ၀မ်တွေများတာမို့ ဗမာစာ ဗမာစကားက ဒုတိယ အဖြစ်ပဲ သုံးပါတယ်။ မူလတန်းစာကနေ အထက်တန်းအထိ ကျောင်းစာကို ဒေသခံဆရာ ဆရာမတွေက ရ၀မ်လို ရှင်းပြပြီး သင်နေတာပါ။ ဒါမှလည်း ကလေးတွေ နားလည်တာပါ။ ရ၀မ်လိုရှင်းပြထားတဲ့စာကို ဗမာစာနဲ့ကျက်ရတဲ့အခါကျ ကာနယ်တို့ အင်္ဂလိပ်စာ သင်ရတဲ့သဘောမျိုး သူတို့မှာ ဗမာစာကို သင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် စာမလိုက်နိုင်တဲ့ ကျောင်းသားအများစု ဖြစ်ပြီး နောက်ဆုံးတော့ အထက်တန်းပညာရေးမပြီးခင် တရုတ်ပြည်ထွက်တာ၊ ရွှေမှော်ထဲ လိုက်တာတွေ ဖြစ်ကုန်ပါတယ်။ စီးပွားရေးအရလည်း ခက်ခဲတဲ့အရပ်တွေမဟုတ်လား။

ပြောရရင် အဲ့ဒီကလေး ဆယ်တန်းမအောင်ပါဘူး။ ဘဲဥမကွဲဘူးဆိုပါတော့။အင်္ဂလိပ်စာအပြင် ဗမာစာကို ပါ တိုင်းခြားဘာသာစကားပမာ ကျက်မှတ်နေရရှာတဲ့ အဲ့သလို တိုင်းရင်းသား ဒေသတွေ အများကြီးပါ။ ကာနယ်တို့ ပညာရေးဌာနကလည်း ထုံးစံအရ အဲ့သလို ဒေသတွေကို ဆရာ၊ဆရာမအသစ်တွေပဲ ပို့ပါတယ်။ အဲ့ဒီဆရာဆရာမတွေက နေတာထိုင်တာ အသားကျ ကလေးတွေနဲ့ စာသင်လို့ အဆင်ပြေလာကာစ တနှစ် နှစ်နှစ် အတွင်းမှာ သူတို့ပြောင်းချင်တဲ့ အောက်ပြည်ကို ပြောင်းကုန်ကြပြန်ပါတယ်။ ဘယ်သူက ကြာကြာနေချင်မှာလည်းဗျာ။ နောက်ထပ် ဆရာ ဆရာမ အသစ်တွေ ရောက်လာ။ နှစ်စေ့ရင် ပြန်သွား။ ဂျာအေးသူ့အမေရိုက်စနစ်ထဲမှာ တိုင်းရင်းသားကလေးတွေခမျာ ဆယ်တန်းမအောင်၊ ဆယ်တန်းမအောင်တော့ ၀န်ထမ်းကလေးဘာလေးတောင် လုပ်မရ၊ လုပ်မရတော့ မှော်ထဲသွား၊ နည်းနည်းလည်တဲ့ကောင်က နိုင်ငံခြားထွက်၊ ပိုလည်တဲ့ကောင်က တောခို၊ အဲ့ဒီ ထက်ပိုလည်တဲ့ကောင်က မူးယစ်ဆေးသယ် . . .

ဒါနဲ့ပဲ။

ကာနယ်မိုးကျော်

#lawka

No comments:

Powered by Blogger.