Yllix

ဓားနှင့်​ထိုးကာဆိုင်​ကယ်​လုယက်​သူ ဖမ်းဆီးစဉ်

ဓါးနှင့်ထိုးကာဆိုင်ကယ်လုယက်သူ ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရ
******************************************

ရန်ကုန် မေ ၂၀

ယမန်နေ့ည ၁၁နာရီခန့်က ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊
၁၁၈ရပ်ကွက်၊ ဦးမြူလမ်းပေါ်ရှိ ရထားသံလမ်းအနီးတွင် လူ၂ဦးစီးနှင်းလာသော ဆိုင်ကယ်ကို လူ၃ဦးက တားဆီးကာ ဆိုင်ကယ်မောင်းနှင်သူအား ဓါးဖြင့်ထိုးပြီး ဆိုင်ကယ်လုယူထွက်ပြေးသွားမှု ဖြစ်ပွားခဲ့သည်။

ဓါးထိုးခံရသူအမျိုးသားမှာ သွေးအိုင်ထဲတွင်လဲနေကြောင်း 
ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၁၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးက သတင်းရရှိသဖြင့် ဒဂုံမြို့သစ် (အရှေ့)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ အဆိုပါနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဓါးထိုးခံရသူမှာ ဒဂုံမြို့သစ် (အရှေ) မြို့နယ်နေ
ဆိုင်ကယ် ကယ်ရီဆွဲလုပ်ကိုင်သော အသက် ၄ဝနှစ်အရွယ် နေမျိုးထွန်း ဆိုသူဖြစ်ပြီး ၎င်း၏ဆိုင်ကယ် Wave 110 လုယူခြင်းခံခဲ့ရသည်။
ဒဏ်ရာရရှိသူ နေမျိုးထွန်းအား မြောက်ဥက္ကလာပဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဉ် ည ၁၁ နာရီ ၄၅မိနစ်အချိန်ခန့်တွင် သေဆုံးသွားကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူများအား ရဲတပ်ဖွဲ့ဝင်များက သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ဖမ်းဆီးရမိရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ နယ်မြေအတွင်းပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ သန့်ဇင်ဦး၊ (၃၄)နှစ်အား ယင်းနေ့ ည
၁၁း၅၀ အချိန်တွင် ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၁၃၃)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် မောရ၀တီလမ်းထောင့်၌ တွေ့ရှိဖမ်းဆီးစဉ်  ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ပြန်လည်ခုခံရန်ပြုသဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိခဲ့သည်။
ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ဟိန်းထက်ကို(ခ)ဟိန်းထက်ဇော်၊
(၂၁)နှစ်အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မေလ ၂၀ ရက်နေ့ နံနက် ၉း၃၀အချိန်တွင် ၎င်းနေထိုင်ရာ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်၊ (၆၉)ရပ်ကွက်နေအိမ်မှ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ၂ ဦးအား ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပြီး လွတ်မြောက်နေသူ ၁ ဦးအား ပိတ်ဆို့ရှာဖွေဖမ်းဆီးလျက်ရှိကာ
ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်းမှ (ပ)၄၀၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ - ရန်ကုန်တိုင်းရဲတပ်ဖွဲ့


No comments:

Powered by Blogger.