Yllix

မ​မျော်​လင့်​ဘဲရရှိလာ​သော ပဋိသ​န္ဓေကို ထိန်းချူပ်​ရန်​ သင့်​မသင့်​နှင့်​ ပြည်​သူ့အသံ

မျှော်လင့်ဘဲ ရရှိလာသော ပဋိသန္ဓေကို ထိန်းချုပ်ရန် သင့်၊ မသင့်နှင့် ပြည်သူ့အသံ
Monday, May 22, 2017

အရွယ်မရောက်သေးသူ ကလေးငယ်များအပါ အ၀င် စိတ်ကျန်းမာရေး မကောင်းသူ ဝေဒနာရှင် အမျိုးသမီးများ၊ အရွယ်ရောက်အမျိုးသမီး များ အဓမ္မပြုကျင့်ခံရခြင်း၊  အခွင့်အရေးယူစော်ကား ခံရခြင်းစသည့် အကြောင်းအမျိုးမျိုးကြောင့်မလိုလားအပ်သော ကိုယ်ဝန်ဆောင်ရခြင်းမျိုး ကြုံတွေ့လာပါက တာဝန်ယူမွေးဖွားရန် သင့်၊ မသင့်နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးမှုနှင့် ပတ်သက်၍ ပြည်သူများ၏ အသံကို စုစည်းဖော်ပြလိုက်ပါသည်။

မခင်လေး (အမျိုးသမီးအရေးလှုပ်ရှားသူ Triangle ဒါရိုက်တာ)

အလိုမတူဘဲ မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရလာတာမှာ ငွေရေး၊ ကြေးရေးနဲ့ လူမှုအသိုင်းအ၀ိုင်းမှာ မွေးဖွားဖို့အဆင်သင့် ဖြစ်ရဲ့လား။ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကောင်းမွန်ရဲ့လား။ မသန်စွမ်းတစ် ယောက်လား။ အဲဒီအချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ကျွန်မတို့လည်း ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် လူ့အသက်တစ်ချောင်းကို သတ်တာက ကြီးလေးတဲ့အပြစ်လို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အလိုမတူဘဲ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးကို တစ်ရပ်တည်း၊ တစ် ရွာတည်းမို့ အဲဒီအမျိုးသားနဲ့ပြန်ပေးစားတာက  အမျိုးသမီးရဲ့ စိတ်ခံစား ချက်ကို မထည့်သွင်း၊ မစဉ်းစားဘူးလို့ ယူဆပါတယ်။ လူမှုအသိုင်းအ၀ိုင်းမှာ ကလေးတစ်ယောက်နဲ့ ရှင်သန်ဖို့ အဆင်မပြေသလို ငွေရေးကြေးရေးလည်း အဆင်မပြေနိုင်ဘဲနဲ့ ကလေးတွေကို မိခင်စိတ်ထားရမယ်ဆိုတဲ့ အပြောတွေကြောင့်ပဲ မွေးလိုက်မယ်ဆိုရင်  မလိုအပ်ဘဲ လမ်းပေါ်မှာ မိဘမဲ့ကလေးတွေ များလာမယ်လို့ ထင်ပါတယ်။ ကလေးမွေးစာရင်းတို့ ကျောင်းအပ်တဲ့အခါတွေမှာအုပ်ထိန်းသူနေရာမှာ အဘအမည်ထည့် သွင်းရတာကိုလည်း ပြင်သင့်ပြီလို့ ထင်ပါတယ်။ ဖခင်မရှိတဲ့သူတွေအနေ နဲ့ မိခင်၊ အဘိုးအဘွားနာမည်တွေကို ထည့်သွင်းလို့ရအောင် ပြင်ဆင်သင့်ပါပြီ။  မျိုးဆက်ပြန့်ပွားရေး အသိပညာပေးမှုတွေကို နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိဘူးဆိုပြီး မျက်စိမှိတ်ပြီး ကလေးတွေကို အသိပညာမပေးဘဲ ထားမလားပေါ့။ ဒီလိုမျိုး အသိပညာပေးမှုတွေ မရှိတာကြောင့်လည်း မလိုလားအပ်ဘဲ ကိုယ်ဝန်တွေရလာတာပါ။

မယဉ်ကျေးမေ (ကျောင်းသူ)

ကိုယ်ဝန်တကယ်ရှိလာရင်တော့ ဖျက်မချသင့်ပါဘူး။ အသက်တစ် ချောင်းကို ကယ်ကိုကယ်ရမယ်။ ဘာလို့လဲဆိုတော့ ဖျက်ချရမယ်ဆိုတဲ့ တရားဥပဒေဆိုပြီး တရားဝင်ထုတ်ပြန်ထားခြင်းလည်း မရှိဘူး။ ကိုယ်ဝန် ဖျက်ချတာဟာ အန္တရာယ်ရှိပါတယ်။ မိခင်လည်း သေသွားနိုင်တယ်။ တရားဥပဒေအရ လူသတ်မှုလည်းမြောက်မယ်။ ဒါကြောင့် ဖျက်မချသင့် ဘူးလို့ ထင်တယ်။ အဓမ္မပြုကျင့်ခံရလို့ဖြစ်စေ၊ အဆင်သင့်မဖြစ်သေးလို့ ဖြစ်စေ မလိုချင်ဘဲနဲ့ရရှိလာတဲ့ ကိုယ်ဝန်ကို လူမှုအသိုင်းအ၀ိုင်းကပိုပြီး ဂရုစိုက်စောင့်ရှောက်ကူညီဖေးမပေးဖို့ များစွာလိုအပ်ပါတယ်။

ဒေါက်တာစစ်နိုင် (Maristope)

အရွယ်မရောက်ခင် အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး ဖြေရှင်း စရာတွေက အများကြီးရှိပါတယ်။ ဥပဒေပိုင်းဆိုင်ရာတွေကိုလည်း ပြန် လည်ပြင်ဆင်ရမယ်။ ဒီလိုမတရားပြုကျင့်ခံရပြီး ရလာမယ့်ကိုယ်ဝန်ကို ဘာလုပ်သင့်လဲဆိုတာကတော့ လူထုကလည်း စဉ်းစားဆုံးဖြတ်ဖို့လို တယ်။ အခုသက်ငယ်မုဒိမ်းတွေက အရမ်းအသက်ငယ်လွန်းရင်တော့ လည်း ကိုယ်ဝန်မရနိုင်ဘူး။ အပျိုဖော်ဝင်စအချိန်မှာဖြစ်သွားခဲ့ရင်တော့ ကိုယ်ဝန်ရနိုင်တယ်။ သူကိုယ်တိုင် ကလည်း ကလေးပဲရှိသေးတော့ ဒီလိုဖြစ်သွားရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာ တယ်။ မွေးလာတဲ့ကလေးကို လက်မခံချင်ဘဲ ဖယ်ကြဉ်ထားကြတော့ အဲဒီကလေးမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒါက တော်တော့်ကို ဖြေရှင်းရခက်တဲ့ ရလဒ်တစ်ခုပါ။ တကယ် တော့ ဒီလိုကိစ္စတွေဆိုတာ မဖြစ်ခင်ကတည်းက ဖြေရှင်းသင့်တာ။ အခုတော့ဖြစ်လာမှ ဖြေရှင်းနေတဲ့ပုံစံဖြစ်နေ တယ်။ နောက်ပြီး လိင်ကိစ္စနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေကို အလယ်တန်း၊ အထက်တန်း ကျောင်းတွေ မှာ ပညာပေးဖို့လုပ်နေတယ်ဆိုပေမယ့် အခုအချိန်အထိ ထိထိရောက်ရောက် လုပ်တာမတွေ့ရသေးဘူး။ တကယ်လို့ ဒီကိစ္စကို ဆယ်စုနှစ်ကတည်းကစပြီးလုပ်ခဲ့ရင် အခုလောက်ထိများနေမှာ မဟုတ်ဘူး။

ကိုမင်းအေးချမ်းကို (ဆေးတက္ကသိုလ်−၁)

အဓမ္မပြုကျင့်ခံရတဲ့ ကာယကံရှင်အမျိုးသမီးရဲ့ သဘောထားပေါ် မူတည်ပြီး ဖြေရှင်းသင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်ကလေးမွေးဖွားရမှာက အဲဒီကာယကံရှင်ကိုယ်တိုင်ပါပဲ။ မွေး လာတဲ့ကလေးကို သူကပဲ အဓိကနေရာကနေ ပြုစုပျိုးထောင်ပေးရမှာ ပါ။ အသက်မပြည့်သေးဘဲ အဓမ္မပြုကျင့်ခံရလို့ ကိုယ်ဝန်ရလာတဲ့အခါ မှာကျတော့ ကာယကံရှင်ရဲ့ အသိဉာဏ်က ‘မွေးသင့်၊ မမွေးသင့်’ ဆိုတာ ဆုံးဖြတ်ဖို့ သိပ်ပြီးရင့်ကျက်ဦးမှာတော့ မဟုတ်ပါဘူး။ ဒီလိုကိစ္စ မှာကတော့ သူ့အုပ်ထိန်းသူပေါ် မူတည်ပါတယ်။ နောက်ပြီး အသက် မပြည့်ဘဲ ကလေးမွေးတဲ့အခါ ဆေးပညာရှုထောင့်ကဆိုရင် မိခင်ရော ကလေးပါ အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် သေချာစဉ်းစားပြီးမှကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ လူ့အသိုင်းအ၀ိုင်းရဲ့ လက်ခံမှုမှာ ဖြစ်သင့်တာကတော့ အကောင်းသဘောနဲ့ ကြိုဆိုရမှာပေါ့။

မနိုင်နိုင်မော် (ပခုက္ကူမြို့)

Law အရဖြစ်ဖြစ်၊ Culture အရဖြစ်ဖြစ် ဒါကို မြန်မာပြည်မှာ လက်မခံကြပေမယ့် ကိုယ်ပိုင်အသိဉာဏ်နဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိ သေးတဲ့  မိန်းကလေးတစ်ယောက်ကို အဓမ္မပြုကျင့်ခြင်းကြောင့် ရလာ တဲ့ ကိုယ်ဝန်ကို ဖျက်ချခွင့်ပေးသင့်တယ်ဆိုတဲ့ဘက်က အပြည့်အ၀ ထောက်ခံပါတယ်။ Sex Education ပေးတာ ကျယ်ကျယ်ပြန့်ပြန့် လုပ် ရမှာဖြစ်တယ်ဆိုတာ လူတိုင်းဆွေးနွေးနေကြတာပါ။ မမျှော်လင့်ဘဲ Rape ကြောင့်ဖြစ်လာတဲ့ Unwanted Pregnancy ဖြစ်လာခဲ့ရင် ဘယ် သူ့ကို အကူအညီတောင်းရမလဲ၊ အကောင်းဆုံးကူညီလမ်းညွှန်ဖြေရှင်း ပေးမယ့် Public Relation Department မျိုးရော ရှိနေသင့်တယ်။ အခု က Sex Education ပေးတာပဲလုပ်ပြီးဖြစ်လာခဲ့ရင်ဆိုတာ ထည့်မတွေးပေးကြတော့ မဖြစ်အောင်သာနေ၊ ဖြစ်လာရင် ကိုယ်ဖြစ်ကိုယ်ခံ အဲဒီလို ကြီးဖြစ်နေတယ်။

ဒေါက်တာမြတ်စန္ဒာသန့် (မြင့်မိုရ်မေတ္တာ ခိုနားရာ၊ Single Mother ဂေဟာ ဦးဆောင်သူ)

တကယ်တော့ ဒီနိုင်ငံမှာ ကလေးဖျက်ချလို့ လူမသိ၊ သူမသိအရှက် ကာကွယ်နိုင်သွားတာကိုပဲ လူမြင်တယ်။  ကိုယ်ဝန်ဖျက်ချလို့ သေသွား ကြတာ လူမမြင်ဘူး။ ကလေးဖျက်ချဖို့လိုအပ်တယ်ဆိုရင်လည်း အသက် မပြည့်သေးတဲ့ ကလေးတွေ၊ အဓမ္မပြုကျင့်ခံရတဲ့လူတွေကိုပဲ သီးသန့် ဖျက်ချပေးဖို့ အထူးဥပဒေလုပ်ပေးမှာလား။ ဒါမှမဟုတ် အမျိုးသမီးထု တစ်ခုလုံး ကလေးဖျက်ချနိုင်တယ်ဆိုတဲ့ ခွင့်ပြုချက်ကို လိုချင်တာလား။ အဓိကက ပတ်ဝန်းကျင်ပါပဲ။  ကလေးဖျက်ချတယ်ဆိုတဲ့  အကုသိုလ် အလုပ်ကိုတောင် လက်ခံနိုင်သေးတယ်ဆိုရင် Single Mother အဖြစ်ရပ်တည်မယ်ဆိုတဲ့ မိန်းကလေးမျိုး တွေကို ဘာလို့ လက်ခံမပေးနိုင်ရမှာလဲ။ မြန်မာနိုင်ငံမှာ Sex Education အားနည်းတာကတော့ အဆိုးဆုံး ပြဿနာတစ်ခုပေါ့။

ဆုစန္ဒီ (အနောက်ပိုင်းနည်းပညာတက္ကသိုလ် ကျောင်းသူ)

အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်ခံရမှုကနေ ရရှိလာတဲ့ ကိုယ်ဝန်တွေကို ဖျက်ချခွင့်ကို တရားဝင်ခွင့်မပြုသင့်ဘူးလို့ ညီမထင်ပါတယ်။  ဖျက်ချခွင့်ကို ခွင့်ပြုလိုက်မယ်ဆို ရင် လူငယ်တွေကြား၊သမီးရည်းစားတွေကြားမှာ စည်းမရှိတော့ဘူးလို့ ထင်ပါတယ်။ စိတ်ရဲ့ အလိုပဲလိုက်ပြီး လမ်းမှားတွေ ရောက်နိုင်ပါတယ်။ လူငယ်တွေပညာရေး အသိုင်းအ၀ိုင်းကြားမှာလည်း မလိုလားအပ်တဲ့ ပြဿနာတွေပေါ်လာနိုင် တယ်။ အပြစ်မရှိတဲ့ အသက်တစ်ချောင်းကို တရားဝင်လူသတ်မှု ခွင့်ပြုထားသလို ဖြစ်နေပါတယ်။ ဖျက်ချခွင့်တွေ ခွင့်မပြုဘဲနဲ့ အဓမ္မကျင့် ခံရတဲ့ အမျိုးသမီးငယ်တွေကို ကလေးမီးဖွားနိုင်ဖို့ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကူညီဖေးမပေးနိုင်မယ့် ပရဟိတအသင်းတွေ ဖွဲ့စည်းသင့်တယ်လို့ ထင်ပါတယ်။ Single Mother တွေအတွက် ကိုယ့်အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်မှာ မျက်နှာမငယ်ရဘဲနဲ့ ရဲရဲဝံ့ဝံ့ကလေးနဲ့အတူနေထိုင်သွားနိုင်အောင် ကူညီပေးမှုတွေ လုပ် ဆောင်သင့်ပါတယ်။ မလိုချင်ဘဲနဲ့ရရှိလာတဲ့ ကိုယ်ဝန်ကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့မွေးမြူပြီးတဲ့နောက်မှာ လူမှုအ သိုင်းအ၀ိုင်းရဲ့ဖေးမမှုတွေက အဓိကလိုအပ်တာပါ။

မေသူဟန် (မင်္ဂလာဒုံမြို့နယ်)

အရွယ်မတိုင်သေးတဲ့ ကလေးငယ်တွေရော၊ အရွယ်ရောက်အမျိုး သမီးတွေရော အဓမ္မပြုကျင့်ခံရမှုကနေ ရလာတဲ့ကိုယ်ဝန်တွေကို ဖျက် ချခွင့်ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ လူ့လောကထဲဝင်ရောက်လာ မယ့်ကလေးတွေဟာ လူမှုအသိုင်းအ၀ိုင်းက မဆိုထားနဲ့။ မိခင်ကိုယ်တိုင် ကကော လိုလားမှုရှိရဲ့လားဆိုတာ ထည့်သွင်းစဉ်းစားရမယ်။ အရွယ် မတိုင်သေးတဲ့ကလေးတွေဆိုရင် သူကိုယ်တိုင်တောင် အရွယ်မရောက် သေးတဲ့ဟာကို သူ့ဝမ်းကကလေးငယ်တွေ အတွက် အပြည့်အ၀လုံခြုံ စောင့်ရှောက်မှု မပေးနိုင်တဲ့အပြင် စိတ်ဒဏ်ရာဒဏ်ချက်တွေနဲ့ တစ်သက်လုံးနေသွားရနိုင်တယ်။ တကယ်လို့ မွေးမယ်ဆိုလည်း အဖြစ် အပျက်ကြီးကို သိနေတဲ့ ရပ်ကွက်၊ မြို့နယ်ကနေ ပြောင်းလိုက်တာပဲဖြစ် ဖြစ်လုပ်သင့်တယ်လို့ ထင်တယ်။

ဦးခင်မောင်လတ် (တွံတေးမြို့နယ် ပညာရေးကွန်ရက်တာဝန်ခံ)

ကလေးဖျက်ချတာထက် တာဝန်ယူတဲ့စိတ်ဓာတ်ရှိဖို့ လိုတယ်။ အခုတော့ ကိုယ်ဝန်ဖျက်ချလို့ အသက်ဆုံးရှုံးတဲ့သူတွေရှိသလို ကလေး မွေးလာရင်လည်း စွန့်ပစ်မှုတွေ လုပ်နေကြတယ်။ ကျွန်တော်တို့ဘက်မှာ လည်း အဲဒီလိုစွန့်ပစ်တာတွေရှိတယ်။ ကလေးကအရွယ်ရောက်လာတော့ မိဘတွေ ဘယ်သူလဲလို့မေးတဲ့အခါ သူတို့မဖြေနိုင်ဘူး။ အဲဒီမှာ စိတ်ပိုင်း ဆိုင်ရာ ရောဂါရလာတော့တာပဲ။ ဒါတွေကတော့ အဓိကအသိပညာပေး မှုလိုအပ်တယ်လို့ပဲ ထင်တယ်။

မချစ်ချစ်ချော (တောင်ကုတ်မြို့)

တရားဝင်ဖျက်ချခွင့်ပြုသင့်ပါတယ်။ ဒါပေမဲ့ ဘယ်လိုအကြောင်း ရင်းမှသာ ဆိုတာကိုတော့ အဓိကစဉ်းစားသုံးသပ်ပြီး  အတိအကျထည့် သွင်းထားသင့်တယ်။ အထူးသဖြင့် Rape Cases တွေဆို တရားဝင်ဖျက် ချခွင့်ပေးသင့်ပါတယ်။ ကလေးတစ်ယောက်ဟာအပြစ်မဲ့တယ်၊ ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် လက်ခံသင့်တယ်ဆိုတာ မငြင်းလိုဘူး။ ဒါ ပေမဲ့ ကာယကံရှင်ရဲ့ ဖြတ်သန်းရမယ့် လူမှုပတ်ဝန်းကျင်နဲ့ ကလေးတစ် ယောက်ကြီးပြင်းလာအောင် ပြုစုရမယ့်အနေအထား၊ နောက် ပတ်ဝန်း ကျင်ရဲ့ ထိုးနှက်ခံရမှုတွေ၊ မိခင်ရဲ့ ခံစားချက်တွေနဲ့ ဖြစ်လာတဲ့ကလေး က အရောင်ဆိုးခံရနိုင်တယ်။ စိတ်ဒဏ်ရာတွေ ရသွားနိုင်တယ်။ ဒီလိုဒဏ်ရာတွေနဲ့ ကြီးပြင်းလာရမယ့် ကလေးတစ်ယောက် လူ့လောကကို ခေါ်ဆောင်မယ့်အစား အချိန်မရောက်ခင် တားဆီးလိုက်တာ ပိုကောင်း ပါလိမ့်မယ်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကိုကြောက်ရွံ့ပြီး တိတ်တဆိတ်လုပ်ရာက သေဆုံးသွားရတဲ့အမျိုး သမီးတွေ အများကြီးပါ။ အသက်တစ်ချောင်းကို လက်ခံဖို့ အဆင်သင့်မဖြစ်လို့ အသက်တစ်ချောင်းထပ်ပေးရ တဲ့ အဖြစ်အပျက်တွေက မြန်မာနိုင်ငံမှာ အများအပြားပါ။

ဆုပန်နိုင် (မြောက်ဒဂုံမြို့နယ်)

လူ့အသက်တစ်ချောင်းကို အလွယ်တကူဖျက်ချခွင့်ပေးတာက ဖွံ့ ဖြိုးပြီးနိုင်ငံတချို့မှာတောင် တရားမ၀င်ဘူး။  အဲဒီအတွက် လိင်ပညာပေး (Sex Education) ကို မြန်မာနိုင်ငံမှာ ရှက်စရာအဖြစ် ကွယ်ဝှက်မနေဘဲ တွင်တွင်ကျယ်ကျယ်လုပ်သင့်တယ်ထင်တယ်။ Sex Education ဖွံ့ဖြိုး နေရင် အဓမ္မပြုကျင့်ခံရပြီး ချက်ချင်းတားဆေးသောက်လိုက်ရင် ကလေး ဆိုတာ ဖြစ်လာမှာမဟုတ်ဘူး။ အရေးကြီးတာက ကွန်ဒုံးဝယ်ရမှာ ရှက် သလို တားဆေးဝယ်ရမှာလည်း ရှက်နေကြတာ။ ပတ်ဝန်းကျင်ကတော့ ဝေဖန်ကြမှာပဲ။ ဒီလိုအခြေအနေမျိုးနဲ့ ရလာတဲ့ကလေးက စိတ်ဒဏ်ရာ တောင် ကြီးသွားနိုင်တယ်။ ကလေးမွေးမယ်ဆိုရင် ပတ်ဝန်းကျင်အသစ်ကို ပြောင်းတာအကောင်းဆုံးပဲ။ မိသားစုအသိုင်းအ၀ိုင်းအနေနဲ့လည်း ကလေးကို Sex Education နဲ့ဝေးရာမှာ အမှောင်ချမထားသင့်ဘူး။ ရှက်စရာလို့ မမြင်ဘဲ သိသင့်သိထိုက်တာအနည်းဆုံးတော့ ပြောပြရမှာပဲ။

ကေနွယ်ဇာခိုင် (မန္တလေး၊ အလယ်တန်းပြဆရာမ)

သက်ငယ်မုဒိမ်းကျင့်ခံရတဲ့ ကလေးတွေကို ကိုယ်ဝန်ဖျက်ချခွင့် ပေးရပါမယ်။ အလိုတူတယ်၊ မတူဘူးဆိုတာတောင် မသိသေးတဲ့အရွယ် မှာ သူစိမ်းကဖြစ်စေ၊ ဆွေမျိုးရင်းချာကဖြစ်စေ၊ ဖခင်အရင်းကဖြစ်စေပြုကျင့်လို့ရတဲ့ကိုယ်ဝန်ကို ဘယ်လိုနည်းနဲ့မှ ကိုယ်ဝန်မဆောင်စေသင့်ပါ ဘူး။ မွေးဖွားလာမယ့်ကလေးရဲ့  ဆွေမျိုးတော်စပ်မှုမှာပါ အရှက်ရစရာ ဖြစ်တဲ့အတွက် မိခင်အတွက်ရော၊ မွေးလာမယ့်ကလေးအတွက်ရော ကြီးမားတဲ့ ၀ဋ်ဒုက္ခထဲ ကျရောက်စေမှာအသေအချာပါပဲ။ ဒါကြောင့် လုံးဝဖျက်ချရပါမယ်။ ကလေးကို ဘ၀သစ်စခွင့်ပေးရမယ်။ ဒီကိစ္စကို သူမေ့သွားအောင် ၀ိုင်းဝန်းကူညီရမယ်။ တခြားကလေးတွေလိုပဲ သူပျော်ရွှင်စွာ ရှေ့ခရီးဆက်နိုင်အောင် မိဘ၊ ဆရာ၊ ပတ်ဝန်းကျင်ကပါ ကူညီပေးကြရမယ်။  အရွယ်ရောက်ပြီး အမျိုး သမီးဖြစ်ခဲ့ရင် အချစ်နယ်ကျွံခဲ့တဲ့ ကိုယ်ဝန်ဆိုရင်တော့ မိခင်စိတ်ရှိသူဆိုရင် ယောက်ျားကတာဝန်ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ မွေးတဲ့သူက မွေးမှာပါပဲ။

အိအိခိုင် (စိတ်ပညာ)

ဘာကြောင့် ကိုယ်ဝန်ဖျက်ချခွင့်ပေးသင့်တာလဲဆိုတာကို ရှုထောင့် နှစ်ခုက ပြောချင်ပါတယ်။ ပထမဆုံးရှုထောင့်က မိဘမဲ့ကလေးများနဲ့ အလေအလွင့်ကလေးများ လျော့ပါးစေပြီး ခေတ်မီတိုးတက်သော နိုင်ငံ တစ်နိုင်ငံဖြစ်စေချင်လို့၊ ဒုတိယရှုထောင့်က ပတ်ဝန်းကျင်ရဲ့ ရိုက် ခတ်သံများလျော့ပါးစေဖို့ပါ။ ပထမရှုထောင့်ကို စပြောရမယ်ဆိုရင် အခု ခေတ်မှာ တရားဝင်ဖျက်ချခွင့်မပေးလည်း လူတွေက ခိုးပြီးဖျက်ချမှုတွေ ရှိနေပါတယ်။ ခိုးပြီးဖျက်ချမှုကြောင့် သေချာတတ်ကျွမ်းတဲ့ ဆရာ၊ ဆရာ ၀န်တွေမဟုတ်တော့ ဆေးပညာအရ ဘာမှမသိဘဲ လျှောက်လုပ်တဲ့အ တွက် ကလေးရော မိခင်ပါ အသက်ဆုံးရှုံးရပါတယ်။ ပတ်ဝန်းကျင်က လူတွေလက်ခံလာအောင် အပေါ်ကအချက်တွေကို တင်ပြပြီး ကလေး ဖျက်ချမှုကို တရားဝင်ခွင့်ပြုသင့်ပါတယ်။ Sex Education ဆိုတာ Sex တစ်ခုတည်းပေးတာ မဟုတ်ပါဘူး။ ကျန်းမာရေး ဗဟုသုတတွေရော၊ ရောဂါတွေ ဘာကြောင့် ဘယ်လိုဖြစ်တာကို ဘယ်လိုကာကွယ်မလဲ တခြားအများကြီးသင်ရတာပါ။ အခုအချိန်ကတည်းကကျောင်းတွေမှာ လိုက်ပေးထားရင် အဲဒီကလေးတွေကတစ်ဆင့် မွေးဖွားလာမယ့်မျိုးဆက်တွေကို သူတို့က ကိုယ်တိုင် ပြန်သင်ပေး၊ ပြန်ဆွေးနွေးရင် ပွင့်လင်းမှုတွေရှိလာမယ်။ အကြောင်းတစ်ခုခုကြောင့် Sex ဖြစ်ခဲ့ရင်တောင် Safety Sex ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ သိလာပါလိမ့်မယ်။ သိရင် ကျန်းမာရေးအရ တခြား ကူးစက်ရောဂါတွေပါ ကာကွယ်နိုင်ပါလိမ့်မယ်။

လုလုအောင်

ကျွန်မအမြင်ကတော့ လမ်းဘေးမှာ စိတ်မနှံ့သူတွေရှိတယ်လေ။ အဲဒီစိတ်မနှံ့သူတွေ မုဒိမ်းကျင့်ခံရတာတို့၊ စော်ကားခံရတာတို့ ရှိတယ် လေ။ သူတို့တွေကျတော့ လနုတယ်ဆိုရင်၊ ဥပမာ ကလေးမဖြစ်သေးဘဲ သွေးခဲအနေအထားလောက်ဆိုရင် ဖျက်ချသင့်တယ်လို့မြင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တောင်နေစရာမရှိလို့ လမ်းမှာလျှောက်သွားနေ ရတာ၊ ကလေးကို ဘယ်လိုမွေးမလဲ။ ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ ပေါ့။ ဒါပေမဲ့ လရင့်သွားရင်တော့ ဖျက်ချဖို့မတိုက်တွန်းချင်ဘူး။ သူ မွေးဖွားလို့ လွယ်အောင်ဝိုင်းဝန်းကူညီပေးပြီး ကလေးအပြင်ရောက်တဲ့ အခါကျ သူကိုယ်တိုင်လည်း စောင့်ရှောက်နိုင်မှာမဟုတ်တဲ့အတွက် လူမှုရေးအသင်းတွေကို ပေးလိုက်တာမျိုးပဲဖြစ်ဖြစ် လုပ်သင့်တယ်လို့ မြင်ပါတယ်။ သာမန်မိန်းမတစ်ယောက်ဆိုရင်တော့ ကျွန်မအမြင်ကတော့ ကိုယ်ဝန်လနုနု၊  ရင့်ရင့်မဖျက်ချစေချင်ဘူး။ မွေးစေချင်တယ်။လူမှုအသိုင်းအ၀ိုင်းကလည်း ဒါကို လက်ခံပေးရ မယ်။ နွေးနွေးထွေးထွေးဆက်ဆံပေးရမယ်။ အတင်းပြောတာ၊ နှိမ်တာမျိုး၊ အဖက်မလုပ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ အမျိုးသမီးတွေကိုလည်း စော်ကားချင်တိုင်းစော်ကားလို့ မရအောင်၊ အဓမ္မကျင့်ချင်တိုင်း ကျင့်လို့မရအောင် ဂရုတစိုက်ရှိသင့်တယ်။ မိခင်တွေအနေနဲ့လည်း  အလုပ်သွားတဲ့ အချိန်၊ အပြင်သွားတဲ့ အချိန်တွေမှာ ကိုယ့်သမီးလေးကို တစ်ယောက်တည်းမထားခဲ့သင့်ဘူး။ အပြင်တွေ ဘာတွေဆိုရင်လည်း တစ်ယောက်တည်းမလွှတ်သင့်ဘူး။ ကျောင်းပဲဖြစ်ဖြစ်၊ ကျူရှင်ပဲဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့သင့် တယ်။ ကျွန်မကိုယ်တိုင်ဆိုရင်လည်း ကျွန်မသမီးလေးကို ဂရုစိုက်တယ်။

ကိုသီဟလွင် (သတင်းထောက်၊ ပြည်မြို့)

ကျွန်တော်တို့ လူငယ်တွေ ပတ်ဝန်းကျင်မှာတော့ ဖျက်ချတယ်ဆို တဲ့ သတင်းတွေဟာ ကြားနေရဆဲပါပဲ။ သမီးရည်းစားရယ်လို့ဖြစ်လာရင် အတူတူနေတဲ့ ကိစ္စက အဆန်းတကြယ်လည်း မဟုတ်ဘဲ လက်သင့်ရာ ဆေးဆိုင်တွေမှာ အရေးပေါ် သန္ဓေတားဆေးတွေဝယ်ပြီး ဖြေရှင်းလိုက် ကြတာာပါပဲ။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှလို့ ကိုယ်ဝန်ရသွား တာတွေလည်း ရှိတတ်ပါတယ်။ မလိုချင်ဘဲနဲ့ ရရှိလာတဲ့ကိုယ်ဝန်ကို မွေးမြူခဲ့မယ်ဆိုရင် ဒီလိုမွေးမြူလာတဲ့အခြေအနေတွေကို လူမှုအသိုင်း အ၀ိုင်းရဲ့ လက်ခံမှုပုံစံဟာ သာမန်လူတွေ အိမ်ထောင်ပြုလင်ယူသားမွေး လုပ်နေကြတဲ့ သူတွေအတိုင်းပဲ ခွဲခြားမှုမရှိဘဲ လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို လက်ခံနိုင်မှသာလျှင် မလိုချင်ဘဲ နဲ့ ရရှိလာတဲ့ကိုယ်ဝန်ကို မွေးမြူခဲ့သူတွေဟာလည်း စိတ်ပျက် အားငယ် နေစရာမလိုတော့ဘဲ သူလိုကိုယ်လို သာမန်လူတွေလို လူ့ဂုဏ်သိက္ခာရှိ ရှိ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ လူ့အသိုင်းအ၀ိုင်းထဲမှာ အဲဒီလိုခွဲခြားမှု မရှိဘဲ လက်ခံနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ အသိပညာမြင့်တက်နေဖို့ လည်း အရေးကြီးတော့ လိင်ပညာပေးဆိုင်ရာ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့လိုပါတယ်။

7Day News Journal


No comments:

Powered by Blogger.