ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံသည့်အနေဖြစ် ကုလသမဂ္ဂ အတွင်းရေးမှုးနှင် ...
မအင်ကြင်းနိုင်
ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံတဲ့ အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စား နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ်က တက်ရောက်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂအရာရှိ တဦးက ဗွီအိုအေကိုပြောပါတယ်။
ဒီ အတောအတွင်း မြောက်ပိုင်းစစ်ရေး မဟာမိတ်အဖွဲ့ကနေ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာအောင် ကြားဝင်ညှိနှိုင်း ပေးခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ဟာ အရင်လိုမဟုတ်ဘဲ ပြောင်းလဲလာတာကို တွေ့ရကြောင်း မြန်မာ့အရေး ကျွမ်းကျင် အမေရိကန် သံတမန် အရာရှိဟောင်း တဦးက ပြောကြားလိုက်ပါတယ်။
ဒီအကြောင်း မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
ဒီကနေ့ မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကိုယ်တိုင် မတက်ရောက်နိုင်ပေမယ့် ညီလာခံကို ထောက်ခံ အသိအမှတ်ပြုတဲ့ အနေနဲ့ သူ့ကိုယ်စား ကုလသမဂ္ဂ နိုင်ငံ့ရေးရာ လက်ထောက်အတွင်း ရေးမှူးချုပ်က တက်ရောက်မှာ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။
“ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့တာ ကာလကြာရှည်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ လက်ရှိ ငြိမ်းချမ်းရေး ညီလာခံကို ကုလသမဂ္ဂ နိုင်ငံရေးရာ လက်ထောက် အတွင်းရေးမှူးချုပ် Miroslav Jenča က ကိုယ်စားပြု တက်ရောက်မှာ ဖြစ်ပါတယ်။ ”
၂၀၁၆ ခုနှစ် သြဂုတ်လမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း ကိုယ်တိုင် တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့တာပါ။
ဒီ အတောအတွင်း တရုတ်အစိုးရရဲ့ကြားဝင် ညှိနှိုင်းမှုကြောင့် မြန်မာအစိုးရဘက်က အထူးဖိတ်ကြားသူ အဖြစ် ညီလာခံကို တက်ရောက်ဖို့ နောက်ဆုံး အချိန်ရောက်မှ ဖိတ်ကြားခဲ့တဲ့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟာ ညီလာခံကို တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိနေကြပါပြီ။
တရုတ်အစိုးရဟာ သူ့ အကျိုးစီးပွားဖြစ်တဲ့ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း လမ်းကြောင်းထဲမှာ ပါနေတဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသ တ၀ိုက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အဓိက လိုလားနေတာကြောင့် အရင်လို နှစ်ဘက်ကစားတာမျိုး မဟုတ်ဘဲ ရပ်တည်ချက် ပြောင်းလဲလာတာကို တွေ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန်ဟောင်းလည်းဖြစ် လက်ရှိ USIP ခေါ် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု အကြီးတန်း အကြံပေး Priscilla Clapp က ဗွီအိုအေကို ပြောပါတယ်။
သူပြောသွားတာက “ ပြီးခဲ့တဲ့ ပထမအကြိမ် ပင်လုံ ညီလာခံနဲ့ ဒုတိယအကြိမ် ညီလာခံ အကြား ကာလ အတွင်းမှာမြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဟန့်အတား ဖြစ်စေမယ့် ကိစ္စတွေ အစားရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို တရုတ်အစိုးရဘက်က သုံးသပ် လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ထင်ကြောင်း Priscilla Clapp က ပြောသွားတာပါ။
တရုတ်က အရင်က နှစ်ဖက်ကစားတဲ့ ပုံစံမျိုးလို့ ထင်ခဲ့ပေမယ့် အခုတော့ အဲဒီ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ပြီလို့ မြင်ကြောင်း၊ ဒါပေမယ့် စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ဗွီအိုအေကို ပြောသွားပါတယ်။ အခုလို မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်က အတော်လေး ပါဝင်ပတ်သက်လာနေတဲ့ အပိုင်းမှာ အမေရိကန် ဘက်ကရော မြန်မာ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ဘယ်လို အခန်းကဏ္ဍ ကနေ ပါဝင်တာမျိုး တွေ့ရသလဲ ဆိုတဲ့ မေးခွန်းကိုတော့
သူပြောသွားတာကတော့ “ အမေရိကန် နိုင်ငံ အနေနဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တိုက်ရိုက် ပါဝင်ပတ်သက်နေတာတော့ မရှိကြောင်းနဲ့ အမေရိကန် အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အမြန်ဆုံးရဖို့ အမြဲ ဆန္ဒရှိနေ သလို တိုးတက်မှုတွေ ရှိအောင်လည်း ဘေးကနေ ပံပိုး ကူညီပေးနေကြောင်း ပြောသွားပါတယ်။ ဒါ့အပြင် အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံက လက်နက်ကိုင် အဖွဲ့တွေကိုတော့ ထောက်ပံ့တာမျိုး မရှိဘူးလို့လည်း ပြောပါတယ်။
အခုလို မြောက်ပိုင်း မဟာမိတ်အဖွဲ့ကနေ ညီလာခံကို အထူးဖိတ်ကြားသူ အနေနဲ့ တက်ရောက်လာတဲ့ အတွက်လည်း မျှော်လင့်ချက် ကြီးကြီးမားမား မရှိပေမယ့် ညီလာခံကို တက်ရောက်လာတာဟာ အပြုသဘောဆောင် တိုးတက်မှုလို့ မြင်ကြောင်းPriscilla Clapp က ပြောပါတယ်။
Credit VOA Burmese News
No comments: