ဆရာအောင်ဇင်ထွန်း အသတ်ခံရသည့်ကိစ္စနှင်ပက်သက်သည်ဟု ယူဆရသူကို တရာခံပြေးအဖြစ်ကြေငြာမည်
ဖားကန့်တွင် ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သတ်သူဟု ယူဆရသူကို တရားခံပြေးအဖြစ် ကြေညာမည်
----------------
ဖားကန့်တွင် ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ လျှို့ဝှက်သက်သေများ ထွက်ဆိုထားပြီး သတ်သူဟု ယူဆရသူကို တရားခံပြေးအဖြစ် ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီးထွန်းဦးအား ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာ၌ ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရသည့်ကိစ္စဖြင့် ရဲတပ်ဖွဲ့အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်နေကြောင်း မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ထွန်းဦးက “ဆရာဦးအောင်ဇင်ထွန်းကိစ္စကို မိုးညှင်းခရိုင် ဖားကန့် မြို့နယ် မြို့နယ်မှူး လက်အောက်ခံစခန်းတွေက ဆောင်ရွက်နေပါတယ်။ သတ်တဲ့သူက ကေအိုင်အေ အဖွဲ့အစည်းကလို့ တိတိကျကျ သိရပါတယ်။ နာမည်က ကရိန်တူးဂျာလို့ သိရတယ်။ သူလည်းပဲ ကေအိုင်အေထဲမှာ ရှိပါတယ်။ သို့သော်လည်း ဖမ်းဆီးဖို့ မစွမ်းနိုင်သေးပါဘူး။ တစ်ချိန်ကျရင် ဖမ်းဆီးရမိနိုင်တဲ့အခါ အသက်ဝင်မှာပါ။ တရားခံဖမ်းဆီးရမိမှု မရှိဘူး ဆိုရင်တော့ ပိတ်သိမ်းရမှာပေါ့။ ဖမ်းမိရင်တော့ စီရင်လို့ ရပါတယ်။ တရားရုံးမှာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၂ နဲ့ဆွဲတင်မှာ ဖြစ်ပါတယ်။ တရားခံပြေးအဖြစ် ဆွဲတင်သွားမှာပါ။ တိတိကျကျပဲ သူပါဆိုတာကို သက်သေတွေက ထွက်ပါတယ်။ သက်သေထွက်ဆိုချက်ကတော့ ရရှိပြီးသားဖြစ်ပါတယ်။ ဒီရွာသားတွေက တစ်ရွာတည်းနေကြတာဖြ စ်ကြတဲ့အတွက် အရင်က ဘယ်အိမ်မှာနေတယ်။ ဘယ်အိမ်မှာတည်းတယ်။ သူရဲ့ဆွေမျိုးသားချင်းတွေက ဘယ်သူတွေ၊ ဘယ်တုန်းက ကေအိုင်အေအဖွဲ့ထဲ ၀င်တယ်ပေါ့။ နာမည်က ကရိန်တူးဂျာလို့ ခေါ်ပါတယ်။ တရားရုံးမှာတော့ တရားသူကြီးရဲ့ လျှို့ဝှက်သက်သေအနေနဲ့ ထွက်ထားတာ ဖြစ်ပါတယ်။ လုံခြုံရေးအရ လိုအပ်တဲ့ အစီအမံ ဆောင်ရွက်ပြီး တင်သွင်းမှာ ဖြစ်ပါတယ်။ တရားခံ မဖမ်းမိခင် စပ်ကြားမှာတော့ တရားခံပြေးအဖြစ် ကြေညာမှာ ဖြစ်ပါတယ်။ အခုအမှုက မပြီးပြတ်သေးတဲ့အမှု ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ကျောင်းဆရာ ဦးအောင်ဇင်ထွန်း အသတ်ခံရသည့် အမှုဖြစ်စဉ်အကျဉ်းမှာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၈ ရက်က နမ္မဖြစ်ကျေးရွာ အလယ်တန်းကျောင်းတွင် ကျောင်းတက်ချိန် ကျောင်းသူ/ကျောင်းသားများ စုပေါင်းတန်း စီနေစဉ် အမည်မသိမျက်နှာကို ဖုန်ကာတပ်၊ ဦးထုပ်ဆောင်းထားသည့် လူသုံးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာကာ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းကို မေးမြန်းကြောင်း၊ ထို့နောက် ကျောင်းဆရာ ဦးအောင်ဇင်ထွန်းနှင့် စကားပြောပြီး နေစဉ်အတွင်း ဆရာမတစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဖြင့်ခေါ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရောက်ရှိလာစဉ် အမည်မသိလူ သုံးဦးအား မေးမြန်းရာ လူကြီးက ခေါ်ခိုင်းသောကြောင့် လာခေါ်ခြင်း ဖြစ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးက မိမိလည်း လူကြီးအား တွေ့ဆုံမည်ဖြစ်ပြီး မိမိကားဖြင့် ကျောင်းဆရာအား လိုက်ပို့မည်ဖြစ် ကြောင်း ပြောသော်လည်း အမည်မသိလူသုံး ဦးက မိမိဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားကာ ဆရာ ဦးအောင်ဇင်ထွန်းအား ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်နှစ်စီးနောက်သို့ အုပ်ချုပ်ရေးမှူးက ကားဖြင့်လိုက်သွားသော်လည်း မမီလိုက်ဘဲ နံနက် ၁၀ နာရီခွဲအချိန်တွင် ဂျာရာယန်ကျေးရွာ သွားရာလမ်းနှင့် မလန်းကျေးရွာကြားရှိ စွန့်ပစ်မြေစာပုံ အဟောင်းအနီးတွင် ဦးအောင်ဇင်ထွန်း အသက် ၂၇ နှစ် (ဘ) ဦး ကျော်ရှိန် ၀ဲဘက်နားအထက် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ၀ဲချိုစောင်းကျည်ဖောက်ဝင်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း မှတ်တမ်းများအရ သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လုံးခင်းနယ်မြေရဲစခန်းတွင် (ပ) ၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
အသတ်ခံရသည့် ကျောင်းဆရာ ဦးအောင်ဇင်ထွန်း၏ ဈာပနအခမ်းအနားကို နမ္မဖြစ် အလယ်တန်းကျောင်းတွင် ဇန်န၀ါရီ ၂၀ ရက်တွင် ကျင်းပခဲ့ပြီး ဖားကန့်တစ်မြို့နယ်လုံးရှိ ဆရာ ဆရာမများ၊ ဒေသခံများ ၅၀၀၀ ၀န်းကျင် တက်ရောက်ခဲ့ပြီး ဂုဏ်ပြုတေးသီချင်းများ သီဆိုခြင်း၊ ကျေးရွာအတွင်း လှည့်လည်ခြင်းများ ပြုလုပ်ခဲ့ပြီး နေ့လယ် ၂ နာရီတွင် နမ္မဖြစ်ကျေးရွာ သုသာန်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ မြန်မာနိုင်ငံဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကလည်း ယင်းအဖြစ်ကို ပြင်ထန်းစွာ ကန့်ကွက်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၀ ရက်က ဆရာဦးအောင်ဇင်ထွန်း၏ ဈာပန အခမ်းအနားသို့ လိုက်ပါပို့ဆောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)
Eleven Media Group
No comments: